ပူတူးတူးလေးတွေမှာ အဖြစ်များတဲ့ လေနာ
လေနာတာက ပူတူးတူးလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာပါ။ လေနာတာက ကလေးတွေကို ထိခိုက်စေနိုင်သလို မိဘတွေကိုလည်း စိတ်ဖိစီးစေပါတယ်။ လေနာတာက မိဘတွေ ပင်ပန်းနေတဲ့ ညနေပိုင်းမှာ အဖြစ်များပါတယ်။
လေနာတာက ကလေးလေးတွေ မွေးကတည်းမှာ စဖြစ်တာမျိုး မဟုတ်ပါဘူး။ ပူတူးတူးလေးမေမေ့ဝမ်းထဲကနေ ထွက်လာပြီး ရက်သတ္တပတ် ၆ ပတ်ကြာမှ လေနာကို စခံစားရတာပါ။ အသက် ၃ လ ၊ ၄လလောက်အရောက်မှာတော့ သက်သာသွားတတ် ပါတယ်။
ပူတူးတူးလေး လေနာနေတာလား?
လေနာနေတယ်ဆိုရင် ကလေးလေးတွေက ဂျီကျပြီး ငိုနေနိုင်ပါတယ်။ အထူးသဖြင့်တော့ သူတို့ရဲ့ ပထမဆုံး ၃ လတာ ကာလမှာပေါ့။ ကလေးက လေနာခံစားနေရရင် သိသာတဲ့ လက္ခဏာတွေအနေနဲ့
- ကလေးက ချော့မရအောင် ငိုမယ်
- ညနေပိုင်းတွေမှာ ငိုမယ်
- ငိုရင် ၃ နာရီနဲအထက် ကြာမယ်
- တစ်ပတ်ကို ၃ ရက်ထက်မနည်း ငိုမယ်
- ငိုတာက ၃ ပတ် ကနေ ၄ ပတ်လောက်အထိ ဆက်တိုက်ဖြစ်မယ်။
လေနာနေပြီဆိုရင် ကလေးက
- နာကျင်မှုကို ဖော်ပြတဲ့အနေနဲ့ သည်းသည်းထန်ထန် ငိုမယ်
- လေနာလို့ ငိုတာက ဗိုက်ဆာလို့ သေးစိုလို့ ငိုတာမျိုးထက် ပြင်းထန်ပါတယ်
- မျက်နှာအရောင်ပြောင်းတဲ့အထိ ငိုမယ် အသားအရေတွေ နီရဲလာတဲ့ အထိပေါ့
- ကလေးက လက်သီးဆုပ်ထားမယ်
- ခြေထောက်လေးတွေကို ဝမ်းဗိုက်ဆီ ကွေးထားမယ်
- ခန္ဓာကိုယ်ကို အရှေ့ဘက်ကို ကိုင်းထားမယ်ဆိုရင်တော့ ကလေးလေး လေနာနေတာပါ။
ဘာကြောင့် ဖြစ်ရတာလဲ
လေနာဖြစ်ရတဲ့ အကြောင်းအရင်းကို တိတိကျကျ မသိရသေးပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေကတော့
- ကလေးလေးတွေမှာ အစာခြေစနစ် ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတာ
- အစာခြေစနစ်ထဲက အကျိုးပြု ဘက်တီးရီးယားပမာဏ ဟန်ချက်မညီတာ
- အစားအစာ ဓာတ်မတည့်မှု ရှိတာ
- အစာတွေ အများကြီး ကျွေးမိတာ
- အစား လုံလောက်အောင် မကျွေးမိတာ
- အစားစားပြီးချိန်မှာ လေမထုတ်ပေးမိတာတွေက ကလေးလေးကို လေနာဖြစ်စေနိုင်ပါတယ်။
ဘယ်လိုကလေးလေးတွေမှာ အဖြစ်များလဲ
လေနာက ဘယ်လို ကလေးလေးတွေမှာ ပိုဖြစ်သလဲဆိုတာကို တိတိကျကျ မသိရပေမယ့်
- သားသားမီးမီး ကွာဟချက်
- လမစေ့ဘဲ မွေးဖွားတာ
- ဖော်မြူလာနို့ သောက်တာ
- မိခင်ရဲ့ အစားအသောက်
- ကိုယ်ဝန်ဆောင်ချိန်မှာ မေမေက ဆေးလိပ်တွေ သောက်တာ
- တဆင့်ခံ ဆေးလိပ်ငွေ့ ထိတွေ့တာတွေက ကလေးမှာ လေနာဖြစ်နိုင်ခြေ တိုးစေနိုင်ပါတယ်။
ကလေးလေး လေနာ သက်သာစေဖို့
ကလေးလေး လေနာ သက်သာစေဖို့ဆိုရင်
- ကလေး အရမ်းငိုနေချိန်မှာ ကလေးကို ထွေးပွေ့ထားပါ
- ကလေးကိုအစားကျွေးတဲ့အခါ မတ်မတ်လေး ထိုင်ခိုင်းပါ။ ဒါမှ လေတွေ မမျိုချမိမှာပါ
- ကလေးကိုအစားစားပြီးတိုင်း လေထုတ်ပေးပါ
- ကလေးကို ပခုံးပေါ်ကို မတ်မတ် အနေအထားလေးနဲ့ တင်ထားပါ
- ကလေးကို ရေနွေးနဲ့ ရေချိုးပေးပါ
- ကလေးကို ရေဒီယိုတီဗွီ အသံတွေနဲ့ အာရုံပြောင်းအောင် လုပ်ထားပါ
- မေမေက အစားဂရုစိုက်ပါ
- ကလေးရဲ့ ကျောရိုးလေးကို နှိပ်ပေးပါ။
ရေးသားသူ - မွန်မွန်